Friday, August 31, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန်က လျှပ်စစ်ဝန်ကြီးဌာန နှစ်ခုကို ပေါင်းစည်းလို


နိုင်ငံတော်သမ္မတဦးသိန်းစိန်က လျှပ်စစ်ဝန်ကြီးဌာန နှစ်ခုကို ပေါင်းစည်းလို

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အမှတ်(၁)လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနနှင့် အမှတ်(၂) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန တို့ကို ပေါင်းစည်း၍ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန အဖြစ် တစ်ခုထဲသို့ ပြင်ဆင် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်၏ သဘော တူညီချက် ရယူနိုင်ရန် သြဂုတ်လ ၂၉ ရက်စွဲဖြင့် သ၀ဏ်လွှာ ပေးပို့ထားသည်။


http://feeds.feedburner.com/thithtoolwin/yIWV

Friday, August 24, 2012

လေးရက်ကြာ ဓာတ်အားပြန်တောက်မည်ဖြစ်သော်လည်း ရန်ကုန်မြို့ရှိ အများပြည်သူများအား ၂၄နာရီ မီးပေးသွားမည်


လေးရက်ကြာ ဓာတ်အားပြန်တောက်မည်ဖြစ်သော်လည်း ရန်ကုန်မြို့ရှိ အများပြည်သူများအား ၂၄နာရီ မီးပေးသွားမည် 
Friday, 24 August 2012 10:50
မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ တည်ဆောက်လျက်ရှိသည့် ၂၃၀ကေဗွီ မင်းလှပင်မ ဓာတ်အားခွဲရုံအား လက်ရှိဓာတ်အားပို့ လွှတ်ထားသော ၂၃၀ကေဗွီ ရွှေတောင်-မြောင်းတကာ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်သည့်အတွက် သြဂုတ်လ၂၅ရက်နေ့ နံနက် ၆ နာရီမှ သြဂုတ်လ၂၈ရက်နေ့ ညနေ၆နာရီအထိ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ နေရာဒေသအချို့တွင် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်သော်လည်း ရန်ကုန်မြို့ရှိ အများပြည်သူများအား ၂၄နာရီ လျှပ်စစ်မီးပေးသွားမည်ဖြစ်ကြောင်းနှင့် စက်မှုဇုံများကိုမူ အုပ်စုနှစ်စုခွဲ၍ အလှည့်ကျ လျှပ်စစ်မီးပေးသွားမည်ဖြစ်ကြောင်း အမှတ် ၂ လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ သတင်းရရှိသည်။
''မင်းလှဓာတ်အားခွဲရုံအသစ် တည်ဆောက်နေတဲ့အတွက် ဒီဓာတ်အားခွဲရုံကို ဓာတ်အားလိုင်းတွေ အ၀င်အထွက်လုပ်မှာမို့လို့ ဓာတ်အားလိုင်း ခဏပိတ်မှာပါ။ အဲဒါကြောင့် ရန်ကုန်ကို စီးဝင်နေတဲ့ဓာတ်အား ၁၆၀မီဂါဝက်လျော့သွားမယ် ဆိုပေမယ့် ရန်ကုန်မြို့က အများပြည်သူကို ပေးနေတဲ့ လျှပ်စစ်မီးကိုတော့ မဖြတ်ပါဘူး ၂၄ နာရီ ပေးသွားမှာပါ။ စက်မှုဇုံကိုတော့ အုပ်စုနှစ်စုခွဲပြီး အလှည့်ကျ မီးပေးသွားမှာပါ''ဟု  ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စက်မှုဇုံများအား အုပ်စုနှစ်စုခွဲ၍ အလှည့်ကျ လျှပ်စစ်မီးပေးရာတွင် အုပ်စု A အား နံနက် ၅ နာရီမှ ၁၂နာရီ အထိ၊ အုပ်စု B အား ၁၂ နာရီမှ ၁၇ နာရီအထိ တစ်လှည့်စီပေးသွားမည်ဖြစ်ပြီး ၁၇ နာရီမှ နံနက် ၅ နာရီအတွင်းတွင်မူ အုပ်စုနှစ်စုစလုံးအား လျှပ်စစ် မီးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။   
ထိုသို့ ဓာတ်အားပြတ်တောက်ရာတွင် ၄င်းပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ နေရာဒေသအချို့တွင် နေ့စဉ် နံနက် ၆နာရီမှ ည ၂၁ နာရီအတွင်း ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း သိရသည်။

Monday, August 20, 2012

အပြစ်မဲ့သော ပူဖောင်းငယ်လေးများ


အပြစ်မဲ့သော ပူဖောင်းငယ်လေးများ



၂ဝ၁၂ ခုနှစ်၊ သြဂုတ်လအတွင်း လျှပ်စစ်မီးကြိုးမှတဆင့် ဓါတ်လိုက်၍ နှစ်လောင်းပြိုင်သေဆုံးမှု ဖြစ်ရပ်တူ ထူးခြားဖြစ်စဉ်နှစ်ရပ် ကြုံတွေ့ခဲ့ရသည်။ ယင်းဖြစ်စဉ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများနှင့် ဝန်ထမ်းများမှ နိဗ္ဗာန်ယာဉ်နှစ်စီးဖြင့် ရေဝေးသုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်မှု (၂) ကြိမ်တိုင်တိုင် ကူညီမှုပြုခဲ့သည်။
လွန်ခဲ့သော (၁ဝ) ရက်က အမှတ် ၄ဝ၊ သခင်မြလမ်း၊ မြောက်ဒဂုံမြို့နယ်တွင် လျှပ်စစ်ဓါတ်ယိုစီး နေမှုကြောင့် သားအမိနှစ်ယောက် ဓါတ်လိုက်၍ သေဆုံးမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ မိုးရာသီ ဖြစ်သော ကြောင့် နေအိမ်အနီးတဝိုက်တွင်ရေများ ဖုံးလွှမ်းလျှက်ရှိသည်။ ၇.၈.၂ဝ၁၂ နံနက် (၆းဝဝ) နာရီအချိန်တွင် (၁၃)နှစ်အရွယ် (၈) တန်းကျောင်းသားမှာ ကျောင်းသွားရန်အတွက် မိခင်အားနှုတ်ဆက်၍ ထွက်ခွာသွား ချိန် ကျယ်လောင်သောအော်သံကြောင့် မိခင်မှာ သားရေနစ်နေပြီထင်သဖြင့် မိခင်သည် သားဇောဖြင့် ရေထဲသို့ ဆင်းလိုက်သွားချိန်တွင် ဓါတ်မီးတိုင်အား လဲမကျသွားစေရန် ဓါတ်တိုင်အားထိန်းထားသော ဆိုင်းကြိုးမှတဆင့် လျှပ်စစ်ယိုစီးဝင်ရောက်နေသဖြင့် ရေထဲသို့ လျှပ်စစ်များ ယိုစီးဆင်းနေသည့်အတွက် ကြောင့် သားအမိနှစ်ဦးမှာ ဓါတ်လိုက်၍ သေဆုံးမှုဖြစ်ပွားခဲ့သည်။

ထိုနည်းတူစွာ ၁၆.၈.၂ဝ၁၂ ရက်နေ့တွင် ရပ်ကွက်တွင်းရှိ နေအိမ်သွပ်နံရံမှ လျှပ်စစ်ဓါတ် ယိုစီး ဆင်းနေခြင်းကြောင့် ဦးလေးနှင့်တူနှစ်ဦး ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ယင်းနေ့ ညနေ (၆းဝဝ) နာရီအချိန်တွင် အမှတ် ၁၁၊ သရဖီလမ်း၊ (က)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေ တူဖြစ်သူ မောင်ထွန်းထွန်းဝင်း အသက်(၂ဝ)နှစ်သည် မိုးပျံပူဖောင်းရောင်းရန်အတွက် ရပ်ကွက်ထဲရှိ အိမ်တန်းများ၏ လမ်းကြားထဲသို့ဝင်ရောက်စဉ် အိမ်နှစ်အိမ်၏အလယ်ရှိ လမ်းသွယ်လေးမှတဆင့် အနောက်လမ်းသို့ ဈေးသွားရောင်းရန်အဝင် အိမ်ဘေးနားတွင် ကာရံလျှက်ရှိသောသွပ်ပြားအား ထိမိကာ မောင်ထွန်းထွန်း ဝင်း တစ်ယောက် မြေကြီးပေါ်သို့လဲကျ
သွားတော့သည်။ မောင်ထွန်းထွန်းဝင်း မြေကြီးပေါ်သို့လဲကျ သွားသည်နှင့်တပြိုင်နက် သူ၏လက်ထဲတွင် ကိုင်ဆောင်လာသော မိုးပျံပူဖောင်းငယ်တချို့သည် လေထဲသို့ လွင့်ပျံ၍တက်သွားခဲ့သည်။ မီးကြိုးကာဗာများပေါက်ပြဲကာ လျှပ်စစ်ယိုစီး၍ သွပ်ပြားအား ထိမိနေခြင်း ကြောင့် လျှပ်စစ်ဓါတ်များယိုစီးကာ မောင်ထွန်းထွန်းဝင်း အသက် (၂ဝ) နှစ်သည် ဓါတ်လိုက်၍ လဲကျ သွားခြင်း ဖြစ်ပေသည်။
ဦးလေးဖြစ်သူ ကိုမင်းကျော်စိုး အသက် (၂၅) နှစ်သည် လမ်းလျှောက်လာစဉ် တူ ဖြစ်သူ လဲကျသွားသည်ကိုမြင်၍ ပြေး၍ဆွဲထူလိုက်စဉ် ဦးလေးပါ ဓါတ်လိုက်၍ လဲကျသွားခဲ့သည်။ ထိုစဉ် ရပ်ကွက်တွင်းမှ လူများသည် ထိုဖြစ်ရပ်အားတွေ့မြင်ကာ နေအိမ်ပေါ်သို့တက်၍ ဓါတ်အားလိုင်းခလုတ် ဖြုတ်ချလိုက်သော်လည်း တူဝရီးနှစ်ယောက်စလုံး ဓါတ်လိုက်မြဲဖြစ်ကြောင်း တွေ့မြင်ရသည်။ ထိုစဉ် ရပ်ကွက်တစ်ခုလုံး မီးပြတ်သွားပါသဖြင့် ရပ်ကွက်မှ ကိုမင်းကျော်စိုးနှင့် တူဖြစ်သူ မောင်ထွန်းထွန်းဝင်း တို့အား အရေးပေါ်ကယ်တင်ခဲ့ကြသော်လည်း သင်္ဃန်းကျွန်း၊ စံပြဆေးရုံသို့အပို့ လမ်းခုလတ်တွင်ပင် အသက်ဆုံးပါးသွားခဲ့သည်။ အကယ်၍များ ရပ်ကွက်မီးပြတ်တောက်မှု မရှိခဲ့ပါက လဲကျသွားသော တူဝရီး နှစ်ယောက်အား စာနာစိတ်ဖြင့် ဆွဲထူပေးကြမည့် ရပ်ကွက်သူ/သားများအတွက် မတွေးဝံ့တော့ချေ။


ဘဝတစ်ပါးသို့ ကူးပြောင်းသွားသော ဦးလေးဖြစ်သူ ကိုမင်းကျော်စိုး (၂၅) နှစ်နှင့် တူဖြစ်သူ မောင်ထွန်းထွန်းဝင်း (၂ဝ) နှစ်တို့အား ရေဝေးသုဿန်သို့ နေ့မကူးဘဲ သင်္ဂြိုလ်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဖုန်းဆက်အကြောင်းကြားလာသဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံမှ ရေဝေးသုဿန်သို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများ၊ ဝန်ထမ်းများမှ ပို့ဆောင်သင်္ဂြိုလ်မှုကို ပြုလုပ်ကူညီပေးခဲ့သည်။
မောင်ထွန်းထွန်းဝင်းတစ်ယောက် ဝမ်းရေးအတွက် သမာအာဇီဝဖြင့် ရှာဖွေလုပ်ကိုင်နေသော လုပ်ငန်းဖြစ်သည့် မိုးပျံပူဖောင်းငယ်လေးများသည် ကမ္ဘာမြေပြင်မှ အထက်သို့လွင့်ပျံသွားခဲ့သလို အပြစ်မဲ့ သော မောင်ထွန်းထွန်းဝင်းနှင့် ဦးလေးဖြစ်သူ ကိုမင်းကျော်စိုးတို့သည်လည်း ကမ္ဘာမြေပြင်မှ တစ်ချိန်တည်း တစ်ပြိုင်တည်း ထွက်ခွာ သွားခဲ့ရတော့သည်။ ကွယ်လွန်သွားရှာကြသော တူဝရီးတို့နှစ်ဦးသည်လည်း မိုးပျံ ပူဖောင်းငယ်လေးများကဲ့သို့ အထက်ဘုံသို့ရောက်ရှိကြပါစေဟူ၍ ဆုတောင်းလိုက်ရပါသည်။
ထို့ကြောင့် လူ့လောကကြီးထဲသို့ အတူတကွ မရောက်လာကြသော်လည်း အတူတူနေ၊ အတူတူ စား၊ အတူတူသွား၊ အတူတူလောကကြီးမှ ပြန်လည်ထွက်ခွာသွားရသည်ကို သံဝေဂရစွာဖြင့် ကံတရားအား အပြစ်ပုံချရမည်ဖြစ်သကဲ့သို့ ကျွန်တော်တို့မြန်မာနိုင်ငံတွင် ပြန်လည်ထူထောင်ရေးကာလအပိုင်းအခြား၌ ပြည်သူ/သားအားလုံး အစစအရာရာ သွားသတိ၊ လာသတိ၊ စားသတိ ဟူသော “သတိ” တရားကို “အသိ” တရားနှင့်ယှဉ်တွဲ၍ နေထိုင်သွားလာ စားသောက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

(ကျော်သူ)

Wednesday, August 15, 2012

ထိုင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်မည်




ထိုင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်မည်

9:42 PM  ကချင်နေစဉ်သတင်း  
သြဂုတ် (၁၄)
ထိုင်းနိုင်ငံက တိုယို-ထိုင်းကော်ပိုရေးရှင်း လီမိတက် (တီတီစီအယ်လ်) ဟာ ရန်ကုန်မြို့မှာလျှပ်စစ် ဓာတ်အားပေး စက်ရုံ တရုံ လာပြီးတည်ဆောက်ဖို့ ရှိပါတယ်။မြန်မာနိုင်ငံ အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ တိုယိုထိုင်းကုမ္ပဏီတို့ ပဏာမ သဘောတူညီချက်စာချုပ်ကို   ဩဂုတ် ၁၀ ရက်နေ့က  နေပြည်တော်မှာ  ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
သဘောတူစာချုပ်ကို မြန်မာနိုင်ငံဘက်က အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးနဲ့ ထိုင်းကုမ္ပဏီက ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် မစ္စတာ ဟီရိုနိုပူရီယတို့က လက်မှတ်ရေးထိုးခဲ့ပါတယ်။
မြန်မာပြည်ထွက် သဘာဝဓာတ်ငွေ့တွေနဲ့ လည်ပတ်မယ့် ဒီစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအလုံမြို့နယ်မှာ အကောင် အထည်ဖော်မှာဖြစ်ပြီး  လာမယ့်နှစ်မှာ စတင်နိုင်မယ်လို့ တိုယိုထိုင်းကုမ္ပဏီက တာဝန်ကျအရာရှိတဦးက ခန့်မှန်း ပြောဆိုပါတယ်။
“လုပ်ငန်းဘယ်တော့ စတင်မလဲဆိုတာတော့ စီမံကိန်းအဖွဲ့တွေနဲ့ ဆွေးနွေး အတည်ပြုပြီးမှ ပြောနိုင်ပါလိမ့်မယ်။ နောက်နှစ်မှာ စတင်နိုင်ဖို့တော့ ရည်မှန်းထားပါတယ်။ လျှပ်စစ်ဓာတ်အားကို မြန်မာပြည်ကထွက်ရှိတဲ့ သဘာဝ ဓာတ်ငွေ့တွေနဲ့ပဲ လည်ပတ်မှာ ဖြစ်တယ်။
 ၁၀ဝ မဂ္ဂါဝပ် ထုတ်လုပ်မယ်။ အရင်းနှီးကတော့ ဒေါ်လာသန်းပေါင်း ၁၅၀ မြှုပ်နှံဖို့ လျာထားတယ်။”
ထိုင်းနိုင်ငံ ဘန်ကောက်က တိုယိုထိုင်းကုမ္ပဏီဟာ ဂျပန်နိုင်ငံ တိုကျိုအင်ဂျင်နီယာကုမ္ပဏီ၊ အီတာလျံထိုင်းကုမ္ပဏီတွေနဲ့ ဖက်စပ်ပြီး လျှပ်စစ်စွမ်းအင်လုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကုမ္ပဏီကြီးတခု ဖြစ်ပါတယ်။ 

DVB(မြန်မာပိုင်း)