မုတ်သုန်ကိုမှီတဲ့မီးသံသရာ ဘယ်တော့လွတ်မလဲ
by Yangon Media Group on Tuesday, October 2, 2012 at 12:22pm ·
ကိုကို(စက်မှုတက္ကသိုလ်)
နေပြည်တော်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြီးခဲ့တဲ့အပတ်မှာ
ဆွေးနွေးပွဲတစ်ပွဲပြုလုပ်ခဲ့ပါတယ်။
လျှပ်စစ်ကဏ္ဍမှာပြည်တွင်းပြည်ပရင်းနှီးမြှပ်နှံမှုတွေဖိတ်ခေါ်နိုင်ဖို့အတွက်ပြုလုပ်တဲ့
အဲဒီဆွေးနွေးပွဲကို ပြင်ပပညာရှင်တွေ၊လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာနမှာအလုပ်လုပ်ခဲ့ဖူးတဲ့ အငြိမ်းစားကျွမ်းကျင်ဝန်ထမ်း
ဟောင်းကြီးတွေ၊ရင်းနှီးမြှပ်နှံမယ့်ကုမ္ပဏီတွေကို ဖိတ်ကြားခဲ့ပါတယ်။
ကျွန်တော့်ကိုလဲ ပြည်ထောင်စုဝန်ကြီးက လာရောက်လေ့လာ
ဆွေးနွေးပေးဖို့ပြောပါတယ်။အဲဒါနဲ့ ကျွန်တော်လဲ မရောက်တာကြာပြီဖြစ်တဲ့
နေပြည်တော်ကို တစ်ခေါက် ရောက်ခဲ့ရပါတယ်။
ဆွေးနွေးပွဲက
စိတ်ဝင်စားစရာကောင်းပါတယ်။အဲဒီမှာ ရေအားလျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်
ငန်းတွေကို စုပေါင်းပြီး
နိုင်ငံပိုင်ကော်ပိုရေးရှင်းကြီးတစ်ခုဖွဲ့စည်းနိုင်မည့်
စိတ်ကူးအစီအစဉ်တစ်ရပ်ကိုပါ ၀န်ကြီးဌာန က
ချပြခဲ့ပါတယ်။အဲဒီကော်ပိုရေးရှင်းကြီးက နောက်ပိုင်းမှာ
သဘာဝဓါတ်ငွေ့ဓါတ်အားပေး စက်ရုံတွေကိုပါ
သူ့အောက်ထည့်သွင်းနိုင်မယ့်အစီအစဉ်များလည်းပါပါတယ်။ဆိုလိုတာက လက်ရှိ
လျှပ်စစ် စွမ်းအားဝန်ကြီးဌာနက ဓါတ်အားဖြန့်ဖြူးရေးလုပ်ပြီး
အဲဒီကော်ပိုရေးရှင်းက ထုတ်လုပ်ရေး တာဝန်ယူဖို့ သဘောဖြစ်ပါတယ်။
ဆွေးနွေးကြသူအားလုံးက
အဲဒီအဆိုပြုချက်ကို သဘောမကျကြပါဘူး။လျှပ်စစ်(၁)နဲ့(၂)ကိုပေါင်းပြီး
ဝန်ကြီးတစ်ဌာနဖွဲ့စည်းလို့ အားလုံးဝမ်းသာနေကြတုန်းမှာ ဒီလိုပြန်လုပ်မှာကို
စိုးရိမ်တစ်ကြီးကန့်ကွက်ဆွေး နွေးကြပါတယ်။ကျွန်တော်ကလဲ အဲဒီသဘောနဲ့ထပ်တူပဲ
ဝင်ရောက်ဆွေးနွေးခဲ့ပါတယ်။အရင်က ၀န်ကြီးဌာန နှစ်ခုခွဲလုပ်တော့
ပေးတဲ့သူနဲ့ဖြန့်တဲ့သူအကြား ညှိုနှိုင်းရခက်ခဲတာ အားနည်းမှုရှိတာတွေကြောင့်
လျှပ်စစ်ဓါတ် အားစီမံရေးမှာ
အဆင်မပြေဖြစ်ခဲ့တာတွေရှိခဲ့တာတော်တော်များများသိကြပါတယ်။
အဲဒါကြောင့်
ဝန်ကြီးဌာန တစ်ခုတည်းထားပြီးလုပ်ရင် အရင်တွေ့ကြုံခဲ့ရတဲ့
အားနည်းချက်တွေအတန်အသင့်ပြေပျောက်သွားမယ်လို့
ကျွန်တော်ထင်ပါတယ်။ဆွေးနွေးပွဲမှာဆွေးနွေးခဲ့ကြတဲ့အချက်တွေကြောင့်
အဲဒီကော်ပိုရေးရှင်းစိတ်ကူးဟာလဲ လက်တွေ့ဖြစ်နိုင်ချေအတော်နည်းသွားမယ်လို့လဲ
ကျွန်တော်မျှော်လင့်မိပါတယ်။
အဲဒီနေ့ကဆွေးနွေးပွဲက
အတော်ကလေးလွတ်လပ်ပွင့်လင်းတာတွေ့ရပြီး ဆွေးနွေးသူများကလဲ စိတ်ဝင်တစား
စေတနာထက်ထက်သန်သန်နဲ့ဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးမှုတွေကို
အနှစ်ချုပ်ပြောရရင်
(က) အရင်ကျင့်သုံးခဲ့တဲ့ ရေအားလျှပ်စစ်ကို
အခြေခံတဲ့လျှပ်စစ်ဓါတ်အားမူဝါဒမှားယွင်းနေတယ်။ ရေအားလျှပ်စစ်ဆိုတာ
ရာသီအပေါ်မူတည်ပြီးထုတ်လုပ်ရတာဖြစ်တယ်။တစ်နှစ်ပတ်လုံးမှာ ဓါတ်အားကို
တစ်သတ်မတ်တည်းထုတ်မပေးနိုင်ဘူး။
(ခ) အဲဒါကြောင့် တစ်သမတ်တည်းဓါတ်အားထုတ်ပေးနိုင်တဲ့ သဘာဝဓါတ်ငွေ့၊ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေကို အခြေခံသင့်တယ်။
(ဂ)
ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးမှု တစ်ပေါင်းတစ်စည်းတည်းဖြစ်သင့်တယ်။အဲဒါမှ
ရေအားကထုတ်လုပ်ရရှိတဲ့ ဓါတ်အားခက ချိုသာလို့
သဘာဝဓါတ်ငွေ့နဲ့ထုတ်တဲ့ဓါတ်အားခကို လျှော့ချ အရှုံးခံထုတ်ပေးနိုင်မယ်။
(ဃ) လျှပ်စစ်ဓါတ်အားဆိုင်ရာ မူဝါဒတွေ စနစ်တကျမှန်မှန်ကန်ကန်ချမှတ်ရမယ်စသဖြင့်ပါ။
ဒါက
ကျွန်တော်မှတ်မိသလောက်ရေးချကြည့်မိတာပါ။
ဓါတ်အားခနဲ့ပတ်သက်ပြီးတော်တော်များများက နိုင်ငံတော်က အနစ်နာခံသော
နှုန်းထားမျိုးဖြစ်သင့်တယ်ဆွေးနွေးကြတာတွေ့ရပြီး တစ်ယောက်စနှစ်ယောက်စ ကတော့
ဈေးကွက်စီးပွားရေးနှင့်အညီ ဈေးနှုန်းရှိသင့်တယ်လို့
ဆွေးနွေးကြတာလဲတွေ့ရပါတယ်။ပုဂ္ဂလိက ရင်းနှီးမြှပ်နှံမှုတွေ ၀င်လာရင်တော့
အဲဒီဓါတ်အားခဟာ အကြိတ်အနယ် အပြေအလည် ဆွေးနွေးကြရမယ့်
ကိစ္စကြီးဖြစ်လာမယ်ထင်ပါတယ်။
လျှပ်စစ်စွမ်းအားကိစ္စဟာ
တိုင်းပြည်အတွက် ပထမဦးစားပေးဖြေရှင်းရမယ့်ကိစ္စဖြစ်ပါတယ်။
အရင်တုန်းကဦးစားပေးမှားခဲ့ပေမယ့် အခုအစိုးရသစ်လက်ထက်မှာ လျှပ်စစ်ကိစ္စကို
အရေးတယူလုပ်လာတာ တွေ့ရပါတယ်။ဒါကလဲ ပြီးခဲ့တဲ့နွေရာသီတုန်းက ပြည်သူတွေရဲ့
ဖရောင်းတိုင်လှုပ်ရှားမှုကနေ ထွက်ပေါ်လာတဲ့ပြည်သူ့အသံ ပြည်သူ့ခံစားမှုကို
အစိုးရက သိရှိနားလည်ဆောင်ရွက်လာခြင်းလို့လဲဆိုနိုင် ပါတယ်။
ကျွန်တော့်အနေနဲ့ပြောရရင်
ရေအားနဲ့သဘာဝဓါတ်ငွေ့၊ထုတ်လုပ်ရေးနဲ့ဖြန့်ဖြူးရေး တွဲရေးခွဲရေးကိစ္စဟာ
အရေးတကြီးကိစ္စမဟုတ်ဘူးလို့ထင်ပါတယ်။ခွဲခဲ့တုန်းက အဆင်မပြေဖြစ်ခဲ့လို့
တွဲလိုက် ပြီးခါမှ လောလောဆယ်တော့
ပြန်မခွဲသင့်သေးဘူးမြင်ပါတယ်။တွဲရေးခွဲရေးထက် အရေးကြီးတာက ပြည်သူတွေ
ဓါတ်အား လုံလုံလောက်လောက်ရရှိဖို့ဖြစ်ပါတယ်။အထူးသဖြင့်
နွေရာသီရောက်တော့မယ့် အချိန်တိုင်းမှာ ပြည်သူတွေစိတ်ပူရတဲ့ စိတ်ပျက်ရတဲ့
မီးပျက်မှုတွေနည်းပါးသွားအောင် လုပ်ဖို့ပဲဖြစ်ပါတယ်။ ဒါကို
ရေတိုအဆင်ပြေအောင်ထက် ရေရှည်အဆင်ပြေအောင်
လုပ်ကြဖို့လိုပါတယ်။လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေနဲ့လဲ
အခုဆိုအင်အားတောင့်တင်းလာ၊စီမံခန့်ခွဲမှုပိုအဆင်ပြေလာလို့
အရင်ထက်ပိုလုပ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။အဲသလိုမှမဟုတ်ရင်တော့
မြန်မာနိုင်ငံကလျှပ်စစ်မီးဟာ မုတ်သုန်နဲ့အတူလာပြီး မုတ်သုန်ခွာ တာနဲ့
သူကပါရောပြီး ဆုတ်ခွာသွားတတ်တဲ့ မုတ်သုန်မှီတဲ့ မီးသံသရာမှာပဲ လည်နေဦးမှာ
ဖြစ်ပါတယ်လို့တွေးနေမိကြောင်းပါ။
ကိုကို(စက်မှုတက္ကသိုလ်)
၂၉ စက်တင်ဘာ ၂၀၁၂
ရန်ကုန်တိုင်းမ်ဂျာနယ် ( အောက်တိုဘာ ၂-၂၀၁၂ ထုတ်)