ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံထုတ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်(၂)လုံး လှူဒါန်း၊ ရန်ကုန်မြို့ ရွာမဓာတ်အားပေး စက်ရုံဝင်းအတွင်း နွေရာသီအမီ တည်ဆောက်သွားမည်
From : မြ၀တီ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ထိုင်းနိုင်ငံအစိုးရ စွမ်းအင် ဝန်ကြီးဌာနဝန်ကြီး Mr. Arak Chonlatanon ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၈ ရက်က လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဗန်ကောက်မြို့၌ ထိုင်းနိုင်ငံ စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး Dr.Wichianchot Sukchotrat နှင့်တွေ့ ဆုံ၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းလှူဒါန်း မည့် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်(၂)လုံး မြန်မာနိုင်ငံ ရန်ကုန် မြို့သို့ ပြောင်းရွှေ့ တပ်ဆင်နိုင်ရေး ကိစ္စရပ် များအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ထို့နောက် ဓာတ်အားပေးစက်များကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် အောက်တိုဘာ ၂၉ ရက် က ထိုင်းနိုင်ငံအစိုးရအဖွဲ့ရုံး Green House အဆောက်အအုံ၌ ကျင်းပ သည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်(၂)လုံးအား မြန်မာနိုင်ငံ သို့ လွှဲပြောင်းလှူဒါန်းသည့် နှစ်နိုင်ငံ သဘောတူညီချက် စာချုပ်လက်မှတ် ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ထိုင်းနိုင်ငံ တိယဝန်ကြီးချုပ် Mr. Kittiratt Na-Ranong တို့က သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ ထိုင်းနိုင်ငံအစိုးရမှ မြန်မာ နိုင်ငံသို့ လွှဲပြောင်း လှူဒါန်းသော သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက် (၂)လုံးမှာ ဂျပန်နိုင်ငံ Mitsubishi Company မှ ထုတ်လုပ်သော ဓာတ် အားပေး စက်များဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း(၁၅ဝ)ခန့် တန်ဖိုးရှိကာ တစ်လုံးလျှင် လျှပ်စစ်ဓာတ်အား ၁၂၂ မဂ္ဂါဝပ် ထွက်ရှိ၍ စုစုပေါင်း ၂၄၄ မဂ္ဂါဝပ် ထွက်ရှိမည် ဖြစ်ပြီး ရန်ကုန်မြို့ ရွာမဓာတ်အားပေး စက်ရုံဝင်းအတွင်း ယခုလာမည့် နွေရာသီအမီ ပြောင်းရွှေ့ တည်ဆောက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
Myanmar Express
No comments:
Post a Comment