Monday, November 26, 2012

တစ်နှစ်ခွဲကျော်ကြာ ရပ်ဆိုင်း ထားရာမှ ပိုဇိုလန် စက်ရုံ ပြန်လည်ပတ်




Tuesday, 06 November 2012 07:08

တစ်နှစ်ခွဲကျော်ကြာ ရပ်ဆိုင်း ထားရာမှ ပိုဇိုလန် စက်ရုံ ပြန်လည်ပတ်

Written by  The Voice
ရန်ကုန်၊ အောက်တိုဘာ ၂၄
မကွေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်း-မြင်းခြံ ကားလမ်းမ ပေါ်ရှိ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ပိုင် ပိုဇိုလန် စက်ရုံကို တစ်နှစ်ကျော်ကြာ ရပ်ဆိုင်း ထားရာမှ အထက်ပေါင်းလောင်းဆည် RCT တမံဆောက် ရာတွင် ပိုဇိုလန်မှုန့် လိုအပ်ချက်ကြောင့် အောက်တိုဘာလ ပထမပတ်မှ စတင်ကာ ပြန်လည် လည်ပတ်လျက် ရှိကြောင်း ပုပ္ပားတောင် ချစ်သူများ အဖွဲ့မှဦးအောင်ဟိန်းကThe Voice Weekly သို့ ပြောကြားသည်။

အဆိုပါ စက်ရုံကြောင့် လူမှုဝန်းကျင် ထိခိုက်မှုများ ရှိသည်ဟု ဆိုကာ ပုပ္ပား ဒေသခံများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် အချို့ ကန့်ကွက် ဝေဖန် နေချိန်တွင် ယခုကဲ့သို့ စက်ရုံ ပြန်လည် လည်ပတ်ခြင်းဖြစ်သည်။
"အခုရက်ပိုင်းမှာ စက်ရုံပြန်လည် ပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကို နေ့စဉ် အော်ဒါ ပို့ပေးနေပါတယ်။ မြေ ကြီးတွေကို နှိုက်ထုတ် နေတာဆိုတော့ ချောက်ကြီးတွေဖြစ်ပြီး မြေပြိုတာမျိုးတွေ ဖြစ်လာမှာကို ဒေသခံတွေကစိုးရိမ်နေ ကြတယ်" ဟု ၄င်းကဆိုသည်။
ပိုဇိုလန်စက်ရုံကြောင့် ဖုန်မှုန့်တွေ ကို နေ့စဉ်ရှူနေရကြောင်း၊ အိမ်များ ပေါ်နှင့် သစ်ပင်များပေါ်တွင် ဖုန်မှုန့်များ ဖြူဖွေးနေ ကြောင်း၊ အိမ်တံခါးကို အမြဲလို ပိတ်၍ နေရကြောင်း၊ ယင်းစက်ရုံ၏ အထက်ပိုင်းတွင် ရှိသော ငရန့်ကုန်းရွာမှ ရွာသား တစ်ဦးက ပြောကြားသည်။
ပိုဇိုလန်စီမံကိန်းသည် တောင်ဖြို ဖျက်သည့် လုပ်ငန်းတစ်ခုသာဖြစ်ကြောင်း၊ အင်ဂျင်နီယာများ အမြင်အရ အမှိုက်က ရွှေဖြစ်နိုင်သော ပစ္စည်းများကို မြေကြီး ထဲမှ ရသည်ဟု မြင်နိုင်သော်လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမြင် အရ မြန်မာနိုင်ငံ အလယ်ပိုင်း တွင် တစ်ခုတည်းရှိပြီး စိမ်းလန်းသော တောင်ဖြစ်သည့် ပုပ္ပားတောင် ပျက်စီး မည်ကို မလိုလားကြောင်း ပုပ္ပားတောင် ချစ်သူများအဖွဲ့မှ ဦးအောင်ဟိန်းက ပြောကြားသည်။
ယင်းစီမံကိန်းအတွက် ရွာပတ် လည်တွင် မြောင်းကြီးများ တူးထား၍ ရွာကို ခြံခတ်လိုက် သကဲ့သို့ ဖြစ်နေ ကြောင်း၊ ရွာသားများကိုလည်း အဆိုပါ နယ်နိမိတ်ကို မကျူးကျော်ရန် တားမြစ် ထားကြောင်း၊ စက်ရုံ ဆောက်ရန်အတွက် ယာမြေများကို သိမ်းယူစဉ်က သီးနှံ နစ်နာကြေးပါ ပေးမည်ဟု ပြောကြားခဲ့သော် လည်း ယာမြေ တစ်ဧကလျှင် ကျပ် ခြောက်သောင်း သုံးထောင်သာ လျော်ကြေး ပေးပြီး သီးနှံနစ်နာကြေး မပေးခဲ့ကြောင်း၊ ယာမရှိတော့သည့် အတွက် တောင်သူများ လက်လုပ် လက်စား ဘဝဖြင့် ရုန်းကန် နေရကြောင်း ငရန့်ကုန်း ရွာသားတစ်ဦး က The Voice Weekly သို့ ပြောကြား သည်။
စက်ရုံပြန်လည် လည်ပတ်နေ ခြင်းနှင့် ပတ်သက်၍ ပိုဇိုလန် စက်ရုံသို့The Voice Weekly က ဆက်သွယ် မေးမြန်းရာ အထက်ပေါင်းလောင်းဆည် စီမံကိန်း လိုအပ်ချက်ကြောင့် စက်ရုံ ပြန်လည်ပတ်ခြင်း ဖြစ်ကြောင်း၊ စက်ရုံ တွင် ဒေသခံ ၉၀ ရာခိုင်နှုန်းကျော်ကို အလုပ်အကိုင်များ စီစဉ် ပေးထား သကဲ့ သို့ အနီးအနား ရွာများတွင်လည်း လျှပ်စစ်မီး ပေးထား ကြောင်း၊ စက်ရုံနှင့် ပတ်သက်၍ စက်ရုံ ရပ်လိုက်ပါက အလုပ် သမားများမှာ အမြင်တစ်မျိုး ရှိနိုင် သကဲ့သို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများကလည်း အမြင် တစ်မျိုးရှိနိုင်ကြောင်း၊ ပိုဇိုလန်မှုန့်ကို နိုင်ငံတော် စီမံကိန်းများ အတွက်သာ အသုံးပြုနေပြီး ပြင်ပသို့ တင်ပို့ ရောင်းချ ခြင်း မရှိကြောင်း ယင်းစက်ရုံမှ တာဝန် ရှိသူ တစ်ဦးက ဖြေကြား သည်။
ပိုဇိုလန် စက်ရုံကို ၂၀၀၀ ပြည့်နှစ် တွင် စတင် လည်ပတ်ခဲ့ပြီး ပုပ္ပားတောင်မှ ထွက်သော ပိုဇိုလန် (ခေါ်) မီးတောင် ပြာမှုန့်များကို တူးယူ၍ ဘိလပ်မြေ အစားထိုး အမှုန့် ထုတ်လုပ်ကာ ရဲရွာ ရေအား လျှပ်စစ်နှင့် အထက် ပေါင်းလောင်း ဆည် သို့ တင်ပို့နေခြင်းဖြစ်သည်။       

No comments:

Post a Comment